International News

အကောက်ခွန်မဟုတ်သော ကုန်သွယ်ရေးအတားအဆီးများ လျော့ချဖယ်ရှားပေးရန် ဥရောပသမဂ္ဂ သို့ အိန္ဒိယနိုင်ငံက တိုက်တွန်းပြောကြားခြင်း

Last Updated:

ဥရောပသမဂ္ဂ၏ ၁၄ ကြိမ်မြောက် ကုန်သွယ်ရေးမူဝါဒ ပြန်လည်သုံးသပ်မှုဆိုင်ရာ အစည်းအဝေးအား ၁၈.၂.၂၀၂၀ နေ့၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ ကျင်းပရာတွင် အကောက်ခွန်မဟုတ်သော ကုန်သွယ်ရေး အတားအဆီးများအား လျော့ချပေးရန် အိန္ဒိယနိုင်ငံက တောင်းဆိုခဲ့သည်။

ဥရောပသမဂ္ဂက စားသောက်ကုန်ပစ္စည်းများတင်သွင်းခွင့်ပြုရာ၌ ချမှတ်ထားရှိသည့် ဓါတုဆေးဝါး ဓါတ်ကြွင်းပါဝင်မှု လက်ခံနိုင်သည့် အမြင့်ဆုံးပမာဏ သတ်မှတ်ချက်များ (MRL limits) ကဲ့သို့ အကောက်ခွန်မဟုတ်သည့် ကုန်သွယ်ရေးဆိုင်ရာ စီမံဆောင်ရွက်မှုများသည် အိန္ဒိယနိုင်ငံ၏ ဆန်စပါး၊ မြေပဲ၊ ငရုတ်နှင့် ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများ၊ လက်ဖက်၊ စပျစ်၊ ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာအစားအစာများ တင်ပို့မှုအပေါ် ထိခိုက် သက်ရောက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ၎င်း MRL သတ်မှတ်ချက်များသည် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) တို့က သတ်မှတ်ထားရှိသည့် CODEX စံနှုန်းများထက် လွန်စွာမြင့်မားလျက်ရှိရာ လူနှင့်တိရစ္ဆာန်များ၏ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင် တို့ အပေါ်ထိခိုက်နိုင်မည့် ဘေးအန္တရာယ်များမှ ကာကွယ်ရန်ထက် လက်တွေ့၌ ကုန်သွယ်လုပ်ငန်းများအတွက် ကန့်သတ်မှုများ ဖြစ်ပေါ်စေလျက် ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ဤကဲ့သို့ MRL  limits မြင့်မားစွာ သတ်မှတ်သည့် အလေ့အထအပေါ် စိုးရိမ်မကင်းဖြစ်လျက်ရှိကြောင်းနှင့် ဥရောပသမဂ္ဂမှ ထိုသို့သော  အကောက်ခွန်မဟုတ်သည့် ကုန်သွယ်ရေးဆိုင်ရာ စီမံဆောင်ရွက်မှုများအား လျော့ချရန်နှင့် ဖယ်ရှားပေးရန် တိုက်တွန်းလိုကြောင်း စသည် ဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ အိန္ဒိယနိုင်ငံဘက်မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ဥရောပသမဂ္ဂနိုင်ငံများနှင့် ကုန်သွယ်မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သွင်းကုန်၌ အမေရိကန်ဒေါ်လာ ၅၈.၄၂၅ ဘီလီယံရှိပြီး ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၅၇.၁၇၂ ဘီလီယံကျော် ရရှိခဲ့သည်။ ၎င်းပို့ကုန်များအနက် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၃၅ ဘီလီယံကျော် ပါဝင်ခဲ့သည်။ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ဧပြီလမှ ဒီဇင်ဘာ လအထိ ဥရောပသမဂ္ဂနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀.၇၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈.၂၈ ဘီလီယံ ရှိပြီဖြစ်သည်။

အိန္ဒိယနိုင်ငံမှတင်ပို့သည့် လက်ဖက်ခြောက်များ၌ စက်မှုလုပ်ငန်းသုံး ဆိုးဆေးတစ်မျိုးဖြစ်သော Anthraquinone ပါဝင်မည်ကို ဥရောပသမဂ္ဂနိုင်ငံများက စိုးရိမ်လျက်ရှိပြီး အိန္ဒိယဘက်ကမူ ၎င်းတို့၏ လက်ဖက်ခြောက်ထုတ်လုပ်မှုလုပ်ငန်းတွင် ထိုကဲ့သို့သောဆိုးဆေးများ လုံးဝသုံးစွဲခြင်း မရှိကြောင်း ပြောဆို လျက်ရှိသည်။

ဥရောပဒေသရှိ ဆိပ်ကမ်းများမှတစ်ဆင့် အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများသို့ ၎င်းတို့၏ တိုင်းရင်းဆေးဝါးများ တင်ပို့ရာတွင် ကုန်စည်များ သိမ်းဆည်းခံရခြင်း၊ ထပ်ဆင့်တင်ပို့မှု လုပ်ငန်းကြန့်ကြာခြင်းတို့ ဖြစ်ပေါ်နေမှုအပေါ် ဥရောပသမဂ္ဂဘက်မှ ဖြေလျော့ဆောင်ရွက်ပေးစေရန် အိန္ဒိယ ဘက်မှ လိုလားလျက်ရှိသည်။ ထို့အပြင် ၎င်း၏ဘာစမာတီဆန်များ ဥရောပသမဂ္ဂသို့ တင်ပို့မှု နှင့်ပတ်သက်၍ ဆန်အမျိုးအစား (၈) ခုသာ အခွန် သက်သာခွင့်ရရှိပြီး ကျန်ဘာစမာတီဆန် (၂၄) မျိုးအပေါ် အကောက်ခွန်နှုန်းထားများသတ်မှတ်ထားရာ ဥရောပသမဂ္ဂ၏ အကောက်ခွန်နှုန်းထားစနစ်မှာ ရှုပ်ထွေးမှုရှိပြီး Ad valorem tariffs ကဲ့သို့ တန်ဖိုးအလိုက် အခွန်ကောက်ခံခြင်းဖြင့် ပိုမိုပွင့်လင်း မြင်သာမှုရှိပြီး ကုန်သွယ်မှုလုပ်ငန်းများအတွက် ခန့်မှန်းဆောင်ရွက်ရန် လွယ်ကူစေမည့် စနစ်အား ဖော်ဆောင်သင့်ကြောင်း အိန္ဒိယနိုင်ငံဘက်မှ တိုက်တွန်းပြောကြားထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         “India urges European Union to reduce non-tariff barriers on food”, 21 Feb 2020, Economic Times

Category: International News